Lectionary Calendar
Saturday, June 28th, 2025
the Week of Proper 7 / Ordinary 12
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

ဂျော်ကီယာသုံး 13

1 တဖန် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ၏။

2 ဒန်အမျိုး၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ၏။ သူ၏မယားသည် မြုံသော ကြောင့် သားမဘွား။

3 ထာဝရဘုရား၏ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား၍၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း၊ ယခု ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။

4 သို့ဖြစ်၍ သတိပြုလော့။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။

5 အကြောင်းမူကား၊ ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို၏။

6 ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား၍ ဘုရားသခင်၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင်၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ၏။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး။ သူသည်လည်း မိမိအမည်ကို မပြော။

7 သူကလည်း၊ သင်သည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ စပျစ်ရည်ကို မသောက်နှင့်။ သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ်သော အစာကို မစားနှင့်။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ၍ သေသောနေ့တိုင်အောင် ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ၏။

8 ထိုအခါ မာနော်က၊ အိုဘုရားရှင်၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ်၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင်၏ တမန်တော်သည် တဖန်လာ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော်၊

9 ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ်၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန်၏။ ထိုအခါ ခင်ပွန်းမာနော်မရှိ။

10 မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး၍၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင်၊

11 မာနော်သည် ထ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင်၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော်၊ မှန်သည်ဟု ဆို၏။

12 မာနော်ကလည်း၊ ကိုယ်တော်၏စကားပြည့်စုံပါစေသော။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော်၊

13 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါပြောသမျှကို မိန်းမရှောင်ရမည်။

14 စပျစ်ပင်မှ ဖြစ်သမျှကို မစားရ။ စပျစ်ရည်မှစ၍ သေရည်သေရက်ကို မသောက်ရ။ မစင်ကြယ်သော အရာကို မစားရ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို၏။

15 မာနော်ကလည်း၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ကောင်းကင်တမန်အား ဆိုလျှင်၊

16 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ ငါ့ကို ဆီးတားသော်လည်း သင်၏စားစရာကို ငါမစား။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန်၏။ သူသည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး။

17 မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း၊ ကိုယ်တော်၏အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား၏ကောင်းကင်တမန် အား မေးသော်၊

18 ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို၏။

19 မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ၏။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့်၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား၊

20 မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင်၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ၌ တက်လေ၏။ မာနော်လင်မယားတို့သည် ကြည့်၍မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။

21 ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။

22 မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့်၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော်၊

23 မယားက၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင်၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ။ ယခုအခါ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော၏။

24 ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင်၍၊ ရှံဆုန်အမည်ဖြင့် မှည့်၏။ သူငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏။

25 ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တခါတလေ နှိုးဆော်စပြုတော်မူ၏။

 
adsfree-icon
Ads FreeProfile