Lectionary Calendar
Friday, February 20th, 2026
the Last Week after Epiphany
There are 44 days til Easter!
Attention!
Tired of seeing ads while studying? Now you can enjoy an "Ads Free" version of the site for as little as 10¢ a day and support a great cause!
Click here to learn more!

Read the Bible

Myanmar Judson Bible

ဧရာဝတီ 3

1 မောရှေသည်၊ မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ် ယေသရော၏သိုးဆိတ်များကို ထိန်းစဉ်၊ တော နောက်ဘက်သို့ ဆောင်သွား၍၊ ဟောရပ်အမည်ရှိသော ဘုရားသခင်၏တောင်သို့ ရောက်လေ၏။2 ထိုအခါ ဘုရားသခင်၏ ကောင်းကင်တမန်သည် ချုံထဲကထွက်သော မီးလျှံ၌ထင်ရှား၏။ မောရှေသည် ကြည့်သောအခါ၊ မီးလောင်၍ ချုံမကျွမ်းဘဲ ရှိသည်ကို မြင်လျှင်၊3 အဘယ်ကြောင့် ချုံမကျွမ်းဘဲရှိသနည်း။ ဤထူးဆန်းသောရူပါရုံကို ငါသွား၍ကြည့်ရှုမည်ဟုဆို၏။4 မောရှေသွား၍ ကြည့်ရှုကြောင်းကို ထာဝရဘုရားမြင်တော်မူလျှင်၊ မောရှေ၊ မောရှေဟု ချုံထဲက ခေါ်တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လေ၏။5 ဘုရားသခင်ကလည်း၊ မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့။ သင်နင်းသော အရပ်ကား သန့်ရှင်းသော မြေဖြစ်သည်ဟူ၍၎င်း၊6 ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍၎င်း မိန့်တော်မူ၏။ မောရှသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။

7 ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။8 သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည် စီးတတ်သော ပြည်သို့ ပို့ဆောင်ခြင်းငှါ ငါဆင်းလာပြီ။9 ယခုတွင်လည်း ဣသရေလအမျိုးသားတို့ ငိုကြွေးသောအသံသည် ငါ့ထံသို့ တက်ရောက်၍၊ သူတို့ကို အဲဂုတ္တုလူတို့သည် ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ။10 ထိုကြောင့် ယခုသွားလော့။ သင်သည် ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် မည်အကြောင်း၊ သင့်ကိုဖါရောဘုရင်ထံသို့ ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။

11 မောရှေကလည်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍၊ ဖါရောဘုရင်ထံသို့ ဝင်သဖြင့်၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ရပါမည်နည်းဟု ဘုရားသခင်အား လျှောက်လျှင်၊12 ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့်ဘက်၌ရှိလိမ့်မည်။ ငါသည် သင့်ကိုစေလွှတ်ခြင်း လက္ခဏာသက်သေဟူမူကား၊ သင်သည်ထို လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပြီးလျှင်၊ ဤတောင်ပေါ်မှာ ဘုရားသခင်အား ဝတ်ပြုရကြလိမ့်မည်ဟု မိန့်တော်မူ၏။13 မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်သည် ငါ့ကိုသင်တို့ ရှိရာသို့ စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏ နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍ မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။14 ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၎င်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့ဟူ၍၎င်း၊ မောရှေ အားမိန့်တော်မူ၏။15 တဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ် ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမ ဖြစ်၏။

16 သွား၍ဣသရေလအမျိုးအသက်ကြီးသူတို့ကို စုဝေးစေပြီးလျှင်၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အားထင်ရှားတော် မူလျက်၊ အကယ်စင်စစ် သင်တို့ကို ငါအကြည့်အရှုလာ၍၊ အဲဂုတ္တုပြည်၌ သင်တို့အားပြုသောအမှုကို ငါမြင်ပြီ။17 အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကို ငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ၊ နို့နှင့်ပျားရည်စီးတတ်သော ပြည်သို့ပို့ဆောင်မည် ငါဂတိရှိသည်ဟု မိန့်တော်မူပြီဟု သူတို့အား ပြောလော့။18 သူတို့သည် သင်၏စကားကိုနားထောင်၍၊ သင်သည် ဣသရေလအမျိုးသား အသက်ကြီးသူများပါလျက်၊ အဲဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်၊ ဟေဗြဲလူတို့၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူ ပြီ။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော်ခြင်းငှါ တောသို့ သုံးရက်ခရီးသွားရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်ရမည်။19 အဲဂုတ္တုရှင်ဘုရင်သည် ကြီးစွာသောတန်ခိုးကို မတွေ့မမြင်လျှင်၊ သွားရသော အခွင့်ကို သင်တို့အား မပေးကြောင်းကို ငါသိ၏။20 ငါသည်လည်း လက်ကိုဆန်၍၊ အဲဂုတ္တုပြည်ထဲ၌ ငါပြုလတံ့သော ငါ၏အံ့ဘွယ်သောအမှုရှိသမျှတို့နှင့် ထိုပြည်ကို ဒဏ်ခတ်မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင်တို့ကို လွှတ်လိမ့်မည်။21 ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသော အခွင့်ကို ငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်း မသွားရကြ။22 အကြောင်းမူကား၊ မိန်းမတိုင်းမိမိအိမ်နီးချင်း၊ မိမိအိမ်မှာ တည်းသောသူ၌ ငွေတန်ဆာ၊ ရွှေတန်ဆာနှင့် အဝတ်တန်ဆာများကို တောင်း၍၊ သင်တို့သားသမီးများကို တန်ဆာဆင်စေသဖြင့်၊ အဲဂုတ္တုလူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။

 
adsfree-icon
Ads FreeProfile