Lectionary Calendar
Thursday, March 12th, 2026
the Third Week of Lent
There are 24 days til Easter!
Attention!
StudyLight.org has pledged to help build churches in Uganda. Help us with that pledge and support pastors in the heart of Africa.
Click here to join the effort!

Read the Bible

Myanmar Judson Bible

ပဲစိတ် 3

1 အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။2 သို့ပြု၍၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍၊ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ၏။3 သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊4 ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နှုးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။5 ဘုရားသခင်ကို ကိုးစား၍သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။6 ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူး တော်ကို ဆက်ဆံ၍အမွေခံရသော သူချင်းကဲ့သို့၊ သတိပညာနှင့် လျော်စွာကိုယ်ခင်ပွန်းနှင့်အတူနေ၍၊7 အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့။

8 အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာ ခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။9 သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍၊ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။10 အသက်ကိုမွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည်၊ မိမိလျှာကိုမကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်းမုသားစကားကို မပြောစေနှင့်။11 ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မှီအောင် လိုက်စေ။12 အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်း ခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။13 သင်တို့သည်ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။14 ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။15 စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။

16 ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့။17 ဘုရားသခင့်အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက် သာ၍ ကောင်း၏။

18 ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူ သောသူသည်၊ မဖြောင့်မတ်သော သူတို့အတွက်၊ ဒုစရိုက် အပြစ်များကြောင့် တခါခံတော်မူ၏။19 ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟောတော်မူ၏။20 ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည်ဆိုင်းလင့်တော်မူ သော်လည်း၊ နားမထောင်သောဝိညာဉ် ဖြစ်သတည်း။

21 ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။22 ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍၊ ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရှိတော်မူ၏။

 
adsfree-icon
Ads FreeProfile